တောကျောင်း(TOORKYAUNG)
တောကျောင်းNature School(ကလေးများဘက်စုံဖွံ့ဖြိုးရေးသဘာဝပတ်ဝန်းကျင်ကျောင်း) သည် မြန်မာနိုင်ငံ ပြည်မြို့တွင်တည်ရှိပြီး အသက် ၂နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးများအတွက် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။ သမားရိုးကျကျောင်းစာ လေ့လာ သင်ကြားမှု့သင်ယူမှု့ ပုံစံများမှ ခွဲထွက်ထားရှိကာ ကလေးငယ်များ၊ ကျောင်းသူကျောင်းသားများ၊ မိသားစုများအတွက် သဘာဝပတ်ဝန်းကျင်တွင် ဆော့ကစားရင်း ကိုယ်တိုင် ထိတွေ့၊ ခံစား၊ သိမြင် လေ့လာနိုင်မည်ဖြစ်ပြီး ဗဟုသုတ၊ဉာဏ်အမြော်အမြင်နှင့်ကျွမ်းကျင်မှုများ ရရှိလာစေနိုင်သည့်အသိပညာ၊ဉာဏ်ပညာ၊အတတ်ပညာ(Multiple Intelligences and Knowledge-Mind-Skill learning approach)ဆက်စပ်တွေးခေါ် လေ့ကျင့် သင်ယူခြင်းနည်းလမ်းသစ်ကို စီစဉ်ထားရှိပါသည်။
ကလေးများကို စဉ်းစားမြော်မြင် ဉာဏ်နှင့်ယှဉ်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်လာစေရန် တွေးခေါ်စွမ်းရည်၊ နှလုံးရည်၊ လက်ရုံးရည် ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် သင်ကြားပေးရမည်ဟု ကျွနု်ပ်တို့ ကျောင်းက အခိုင်အမာယုံကြည်ပါသည်။ ကျွနု်ပ်တို့ ကျောင်းက ကလေးများတွင်ရှိသော ပင်ကိုယ်သဘာဝစွမ်းရည်များကို ပိုမိုတိုးတက်စေရန် နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဘိုးထားတတ်သည့် စိတ်များ ကိန်းအောင်းလာစေရန် ပြုစု ပျိုးထောင်ပေးပါမည်။
ပတ်ဝန်းကျင် အခြေအနေ
ကျွန်ုပ်တို့ကျောင်း၏ ပတ်ဝန်းကျင် အခြေအနေသည် သဘာ၀ တောင်ကုန်းတောင်တန်း လျှိုမြောင်ချိုင့်ဝှမ်းများနှင့် တောအုပ်လေး၊ သစ်ပင်လေးများ၊ ပန်းခြံလေး၊ စိုက်ခင်းလေးများ သဲချောင်းလေးများနှင့် ကျေးငှက်ငယ်များအစရှိသည့် ဇီဝမျိုးကွဲ မျိုးစုံပြည့်စုံစွာရှိနေတဲ့ ကလေးများအတွက် အလွန်ပျော်စရာကောင်းပြီး စွဲဆောင်မှု အပြည့်ရှိတဲ့ သဘာဝပတ်ဝန်းကျင် နေရာလေးတစ်ခုပါ။ သမားရိုးကျကျောင်းများ၏ သဘာဝပတ်ဝန်းကျင်ပညာရေး လိုအပ်ချက်ကို အထောက်အကူပေးနိုင်မည့် နေရာတစ်လေးတစ်ခုဖြစ်ပါသည်။ သမားရိုးကျ မူကြိုကျောင်းများတွင်တွေ့မြင်ရသော စာသင်ခန်းပုံစံများကိုတွေ့ရှိရမည်မဟုတ် ကျောင်းဝန်းကျင်နေရာတွင် သဘာဝပစ္စည်းများဖြစ်သည့် သစ်ပင်၊သစ်ကိုင်း၊သစ်သား၊ဝါဂွမ်း၊ရွှံ့၊သဲ၊ကျောက်များဖြင့် ကလေးများ စိတ်ကူးစိတ်သန်းရှိသလို ကစားစရာ နေရာများကိုသာ တွေ့ရမည်ဖြစ်သည်။ကျွနု်ပ်တို့၏ ပြင်ပလက်တွေ့စာသင်ခန်းများသည် (Outdoor Living Classrooms) နေပူပူ မိုးရွာရွာ အသက်ဝင်နေမည်ဖြစ်ပြီး သဘာဝ၏စည်းချက်နှင့် ကလေးငယ်များ၊ ကျောင်းသားများကို ဆက်သွယ်ခွင့်ပေးသည့် ကြိုးစား အားထုတ်မှုတစ်ရပ်ဖြစ်ပါသည်။
စာသင်ခန်းပြင်ပ လေ့လာသင်ယူရေး
မြန်မာနိုင်ငံတွင် သဘာဝတောကျောင်း မရှိသေးသည့်အတွက် ကျွနု်ပ်တို့၏ စာသင်ခန်းပြင်ပ လေ့လာသင်ယူရေး (Outdoor Living Classrooms) အစီအစဉ်များသည် မြန်မာနိုင်ငံပညာရေးလောကအတွက် ထူးထူးခြားခြား ရှေ့ဆောင်လမ်းပြအဖြစ် တည်ရှိနေမည်ဖြစ်သည်။ ကလေးများ၏ ပညာရေးတွင် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာပြီး သင်ယူမှုအတွက် အသင့်ဖြစ်နေခြင်းသည် အရေးကြီးသဖြင့် ကျွနု်ပ်တို့၏ တောကျောင်း သဘာဝပတ်ဝန်းကျင်ကျောင်းက ဤသင်ယူမှုပုံစံအသစ်ကို မြန်မာနိုင်ငံအဝှမ်း ပြန့်ပွားစေလိုခြင်းဖြစ်သည်။ ကျွနု်ပ်တို့၏ကျောင်းတွင် လာရောက်လေ့လာ လေ့ကျင့်ပါက ဤရည်ရွယ်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖေါ်ဆောင်ပေးနိုင်မည်ဟု အခိုင်အမာယုံကြည်ပါသည်။
ရည်မှန်းချက် (Our Vision)
ကလေးများ၏ လူမှုဘဝ တိုးတက်ပြောင်းလဲရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာသန်စွမ်းသည့် ကိုယ်ခန္ဓာနှင့်အတူ လွတ်လပ်မျှတစွာ တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သည့် ဉာဏ်ရည်ဉာဏ်သွေးများ သဟဇာတကျကျ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန်အတွက် လိုအပ်သည့် ရည်ရှည်တည်တံ့ခိုင်မြဲမည့် သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခုကို ဆရာမိဘများ အတူတကွ ပူးပေါင်းဖန်တီးရန် ရည်ရွယ်ပါသည်။ နှလုံးသားမပါသော ဦးနှောက်သပ်သပ်ဖြင့် တွေးခေါ်ဆုံးဖြတ်နေသော အခြေအနေမှ လူသားပီသသော မေတ္တာနှင့် ကိုယ်ချင်းစာတရားကို ထည့်သွင်းစဉ်းစားလာပြီး စိမ်းလန်းသောကမ္ဘာမြေနှင့် သက်ရှိသတ္တဝါအားလုံးအတွက် အကျိုးပြုနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပါသည်။
ကျွနု်ပ်တို့၏လုပ်ငန်းတာဝန်များ (Our Mission)
တောကျောင်း (TOORKYAUNG) သဘာ၀ ပတ်ဝန်းကျင်ကျောင်းသည် ကလေးများ မိမိကိုယ်ကို နားလည်သဘောပေါက်လာပြီး ယုံကြည်မှုရှိလာစေရန်အတွက် အသက်အရွယ်အပိုင်းအခြားအလိုက် သဘာဝတွင် ကစားရင်း အသိပညာ၊ စိတ်ဓါတ်ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုများကို ရရှိစေမည့် အသိပညာ၊ ဉာဏ်ညာ၊ အတတ် ပညာဆက်စပ်လေ့လာသင်ယူခြင်းနည်းလမ်းသစ်(Multiple Intelligences and Knowledge-Mind-Skill (KMS) Learning Approach) ကို ကျင့်သုံးပါသည်။ ဤသင်ကြားမှုစနစ်သည် သဘာဝပတ်ဝန်းကျင်ကို အခြေခံထားသည့်အတွက် အစဉ်အမြဲ ပြောင်းလဲနေသော ကလေးများ၏လိုအပ်ချက်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းပေးနိုင်ယုံမျှမက ကလေးများကလည်း ဤသင်ကြားမှုစနစ်အား နှစ်သက်လက်ခံလာကြကာ အဓိပ္ပါယ်ရှိသော မိမိတို့ဘဝအတွက်လိုအပ်သော အသိဉာဏ်၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ပြည့်ဝသည့် ကိုယ်ရည်ကိုယ်သွေးကို မြင့်မြင့်မားမား ရရှိလာကြမည်ဖြစ်သည်။
ကျွနု်ပ်တို့၏အခြေခံမူများ (Our Core Values)
သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားခြင်းနှင့် လူနှင့်သဘာဝပတ်ဝန်းကျင်တို့၏ အပြန်အလှန် ဆက်နွှယ်မှုတို့သည် ကလေးများ၏သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သဖြင့် ကျွနု်ပ်တို့က ဤအချက်ကို အထူးအလေးထား တိုက်တွန်းအကောင်အထည်ဖော်ဆောင်ရွက်ပါမည်။
- သက်ရှိသတ္တဝါအားလုံး၏ ရှင်သန်ခြင်းနှင့် ယင်းတို့၏ အပြန်အလှန်ဆက်နွှယ်မှုကို ကျွနု်ပ်တို့က ဂုဏ်ယူတန်ဖိုးထားပါသည်။(ဇီဝမျိုးစုံမျိုးကွဲများအတွက် ရေရှည်တည်တံသောဂေဟစနစ်)
- ကလေးများ၏ သဘာဝပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလိုစိတ်နှင့် သဘာဝပတ်ဝန်းကျင်ကို လေးစားတန်ဖိုးထားတတ်သည့် စိတ်ဓါတ်များ ကိန်းအောင်းလာသည်အထိ ပြုစုပြိုးထောင်ပေးရန် ရည်ရွယ်ပါသည်။
- ကလေးများထံတွင် သဘာဝပတ်ဝန်းကျင်၏ ဦးဆောင်လမ်းပြနိုင်စွမ်းကို လေးစားသည့်စိတ် ဖြစ်ပေါ်စေရန်အတွက် ကျွနု်ပ်တို့က ရည်ရွယ်သည်။
ကလေးများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကလေးများအား ကာကွယ် ပြုစု ပျိုးထောင်ပေးမည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ရှိသင့်သည်ဟု ကျွနု်ပ်တို့က ယုံကြည်ပါသည်။
ကလေးများ၏ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်သည် အသက်အရွယ် အပိုင်းအခြားအလိုက် အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှုကို ကောင်းစွာနားလည်သဘောပေါက်ထားသောကြောင့် ယင်းတို့ကို အခြေခံ၍ TOORKYAUNG သဘာဝကျောင်း၏ ပညာရေး အခြေခံမူများကို ရေးဆွဲထားခြင်းဖြစ်ပါသည်။
ကလေးများ၏အသက်အရွယ်အပိုင်းအခြားအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးခြင်းဖြင့် ကလေးများ၏လေ့လာစူးစမ်းလိုစိတ် အမြဲထက်သန်နေရန် ရည်ရွယ်ပါသည်။
ကျွနု်ပ်တို့၏လေ့လာရေးစခန်းမှ အသုံးပြုသော Multiple Intelligences and KMS (Knowledge-Mind-Skill)သင်ကြားရေးစနစ်သည် ကလေးများအား အသိပညာ၊ စိတ်ဓါတ်ဉာဏ်ပညာ၊ ကျွမ်းကျင်မှုအတတ်ပညာ ဘက်စုံ မျှမျှတတ ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဟု ယုံကြည်ပါသည်။ ခံစားသိမှတ်ခြင်း၊ တွေးတောကြံဆခြင်း၊ စူးစမ်းလိုစိတ်ဆန္ဒပြင်းပြခြင်း၊ လေ့လာအကောင်အထည်ဖော်ခြင်းနှင့် ကိုယ်စိတ်နှလုံးထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည့် သိမှုနယ်ပယ် ငါးရပ်စလုံးတွင် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် ကလေးများ၏အဓိပ္ပါယ်ရှိသောဘဝအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို ကျွနု်ပ်တို့က ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
ကလေးများကို စဉ်းစားတွေးခေါ်နည်းအသစ်များ သင်ကြားပေးမည်ဖြစ်ပြီး လွတ်လပ်စွာသင်ယူခြင်းကို အားပေးမည်ဖြစ်သောကြောင့် ကလေးများသည် ပြဿနာဖြေရှင်းနိုင်သူ၊ ဆက်ဆံရေးကောင်းသူ၊ စိတ်ကူးဉာဏ်ကွန့်မြူးသူများ ဖြစ်လာပါမည်။
ဘဝအတွက်လိုအပ်သော ဤကျွမ်းကျင်မှုများသည် ကလေးများကို မိမိကိုယ်မိမိ ယုံကြည်လာစေသော ခွန်အားကိုရစေမည်ဖြစ်ပြီး ဘဝအတွက်အရေးပါသော မေးခွန်းများဖြစ်သည့် ငါဘယ်သူလဲ၊ ဘာဖြစ်တာလဲ၊ ငါဘယ်လိုလုပ်လို့ရမလဲ၊ ငါ့ဘဝရဲ့အိပ်မက် ငါ့ဘဝရဲ့ ရည်မှန်းချက် ကဘာလဲ၊ ဘာလို့လုပ်သင့်တာလဲ၊ ဘာလို့မလုပ်သင့်တာလဲ၊ဘယ်တော့လုပ်ရမလဲ စသည့် (ဘာ၊ဘယ်လို၊ ဘာကြောင့်၊ ဘယ်ကို၊ ဘယ်အချိန်)ဆိုသည့် မေးခွန်းများကို မေးတတ်လာစေမည်ဖြစ်သည်။
ကလေးများ၏ဝါသနာ၊ ထူးချွန်သည့်နေရာနှင့် လူတိုင်းတွင်ထူးခြားသည့်အလားအလာကောင်းများ ရှိသည်ကို သိရှိလာအောင် ကျွနု်ပ်တို့က ကူညီပေးမည်ဖြစ်သည်။ပညာလေ့လာသင်ယူရခြင်း၏ အကြောင်းအရင်းကိုလည်း ရှာဖွေတတ်အောင် ကူညီပေးမည်ဖြစ်သည်။
ယခုမေးထားသေားမေးခွန်းများ၏ အဖြေကိုရှာဖွေခြင်းသည်ပင်လျှင် ပညာရေး၏အခြေခံအကျဆုံး ရည်ရွယ်ချက်ဖြစ်ပါသည်။ ယခုကဲ့သို့သင်ကြားခြင်းဖြင့် ကလေးများသည် သူတို့မည်သည့်နေရာတွင် ထူးချွန်နေသည်ကို သိရှိလာပြီး အနာဂတ်တွင် ထူးချွန်ထက်မြက်သော ပညာတတ်လေးများ ပေါ်ထွက်လာမည် ဖြစ်ပါသည်။
ကလေးများ၏ ကောင်းကျိုးအဖြာဖြာအတွက် ပြည့်စုံလုံလောက်သော ဗဟုသုတအသိဉာဏ်ပညာကို ကျွနု်ပ်တို့က လေ့လာရှာဖွေထားပါသည်။ကလေးများ အရွယ်အလိုက် အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပုံနှင့် ကလေးများနှင့် ပတ်ဝန်းကျင်တို့၏ဆက်နွယ်ပုံတို့ကို သူတို့၏ခန္ဓာနှင့်စိတ်ကို သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်၍ ဘက်ပေါင်းစုံမှ လေ့လာထားပါသည်။
တောကျောင်းဟာ ကလေးတွေကို အဓိကအလေးထာပြီး ငယ်စဉ်ဘဝ၏ အရေးပါမှုကို အထူးဂရုပြု၍ သူတို့လေးတွေရဲ့ တစ်ဦးချင်းစီမှာရှိတဲ့ မတူကွဲပြားတဲ့ အရည်အသွေးတွေကို သူတို့ရဲ့ ကြီးထွား ဖွင့်ဖြိုးလာတဲ့ အသက်အရွှယ်နဲ့လိုက်လျှောညီထွေစွာ အစဉ်အမြဲ လေ့လာသင်ယူ ဖန်းတည်းနိုင်မည့် အခွင့်အလန်းများစွာကို သဘာဝကဖြည့်ဆည်းပေးထားသည့်အတိုင်း အစီအစဉ်များစွာရှိတဲ့ လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားရာ၊ ပညာရှာဖွေရာ နေရာလေးတစ်ခုဖြစ်ပါသည်။
ကလေးများကလည်း သူတို့ရှင်သန် ကြီးပြင်းလာရမယ့် လောကကြီးအကြောင်းကို စူးစမ်း လေ့လာ သင်ယူလိုတဲ့စိတ်ဟာ မွေးကင်စ အရွှယ်ကတည်းက သူတို့ရဲ့ အတွင်းစိတ်မှာ ပါလာခဲ့တာက လူသားတစ်ဦးရဲ့ သဘာဝပါ။
ကလေးတွေကို သဘာ၀ တောအုပ်အတွင်းမှာ လွတ်ပေးပြီး တောပန်းလေးများကြားမှာ သစ်ရွက်တွေကိုဖယ် ပိုးကောင်းငယ်လေးများကိုရှာကြ၊ အဲဒီပိုးကောင်းလေးတွေ ဘယ်လိုနေကြ စားကြသလည်းဆိုတာတွေကို စူးစမ်းလေ့လာကြ၊လိပ်ပြာလေးတွေကို လိုက်ဖမ်းကြ၊ ဘောက်ဖတ်လေးတွေကနေ အရောင်အသွေးစုံတဲ့ လိပ်ပြာလှလှလေးတွေဖြစ်လာကြပုံကို သိမြင် နားလည်လာအောင် စိတ်လှုပ်ရှားစွာ သင်ယူကြ၊ ကျောက်တုံး လေးတွေ၊ ရွံ့တုံးလေးတွေ၊ သစ်ကိုင်းခြောက်လေးတွေ၊ သစ်ရွက်လေးတွေကိုကောက်ပြီး သဘာဝကျကျ ပုံလှလှလေးတွေဖန်တီးကြရင်း အပင်တွေအကြောင်းကို သိရှိအောင်လေ့လာကြ၊ ကျောက်ချောင်းလေးရဲ့နံဘေးမှာ သဲတွေနဲ့ ရဲတိုက်တွေ ဆောက်ကြ၊ ငှက်လေးများကိုကြည့်ရှုလေ့လာ ပုံတူရောင်စုံဆေးချယ်ကြ၊ သစ်ကိုင်းခြောက်လေးတွေနဲ့ နေစရာ သစ်အိမ်လေးဆောက်ကြ။
အဲဒီလိုမျိုး အတူတူ အေးချမ်းပျော်ရွှင်စွာ ဆော့ကစားရင်း သူတို့ရဲ့ ဝန်းကျင်ကမ်ဘာကို အစဉ်အမြဲစူးစမ်းလေ့လာ သင်ယူနိုင်တဲ့ အခွင့်အလမ်းများစွာရှိတဲ့ ပညာရှာဖွေရာ နေရာလေးတစ်ခုပါ။
ကလေးများအတွက် ဘက်စုံပညာရေး နည်းလမ်းသစ် (Learning Approach at Toorkyaung)
ကျွန်ုပ်တို့ကျင့်သုံးသော သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတဲ့ ဘက်စုံ ဉာဏ ဖွံ့ဖြိုးခြင်းပညာရေးနည်းစနစ် (Multiple Intelligences)နှင့် အသိပညာ၊ ဉာဏ်ပညာ၊ အတတ်ပညာ (Knowledge-Mind-Skill learning approach) ဆက်စပ်တွေးခေါ် လေ့ကျင့်သင်ယူခြင်းနည်းလမ်းသစ်တို့ကို စံနစ်တကျပေါင်းစပ် သင်ကြားပေးတဲ့ သည် ကလေးများ၏ အရည်အချင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အချိုးကျကျ တိုးတက်မှုကို ဆောင်ကြဉ်း ပေးနိုင်ပါသည်။ အတွင်းနှင့်အပြင်၊ ရုပ်နှင့်နာမ်၊ သဘာဝနှင့်လူဖန်တီးမှု စသည့်ဖြင့် တိုးတက်မှုတိုင်းသည် သဟဇာတကျ၍ အချိုးညီရန် လိုအပ်ပါသည်။ကျွနု်ပ်တို့၏ သဘာဝပတ်ဝန်းကျင် ကျောင်းက ကလေးများ၏ကိုယ်ရည်ကိုယ်သွေး၊ အသိဉာဏ်၊ ကျွမ်းကျင်မှုနှင့် စိတ်ဓါတ် နယ်ပယ် လေးခုအတွက် အခြေခံလမ်းညွှန်မှုများနှင့် လေ့ကျင့်သင်ကြားမှုများကို ဆောင်ရွက်ပေးပါမည်။
အဲဒီလိုလေ့လာသင်ယူမှုဟာ ကလေးတွေကို ငယ်စဉ်ဘဝအရွယ်ကတည်းက သဘာဝတရားနဲ့ ရင်းနှီးအောင်လုပ်ပေးခြင်း၊ သဘာဝ၏ အလှတရားများကို ခံစားခြင်း၊ သဘာဝနဲ့ ထိတွေ့စေခြင်းဖြင့် သဘာဝကို လေးစား မြတ်နိုး တန်ဘိုးထားလာခြင်း၊ ကလေးများ၏ ကိုယ်ကာယ သန်စွမ်းစေခြင်း၊ စိတ်ဓာတ်ခွန်အား ဖြစ်စေခြင်း၊ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း တိုးတက်စေခြင်း၊ ကလေးများဟာ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိလာခြင်း၊ ကလေးများရဲ့ စိတ်ကူးစိတ်သန်းအတိုင်း တီထွင် ဖန်တည်းပုံဖေါ်နိုင်စွမ်း တိုးတက်စေခြင်း၊ လောကကို အကောင်းဘက်ကမြင်တတ်လာခြင်း၊ စိတ်ဓာတ် ကြံ့ခိုင်လာခြင်း၊ သင့်မှု မသင့်မှု စတာတွေကို သိရှိနားလည်လာခြင်း၊ အကောင်းအဆိုး အကြောင်းအကျိုးကို စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြားတတ်လာခြင်း၊ ဘဝရဲ့ စိန်ခေါ်မှု့ အခက်အခဲတွေကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းတတ်လာခြင်း အကျိုးများကို ရရှိစေမှာဖြစ်ပါတယ်။
ဤဆန်းသစ်သောနည်းလမ်းဖြင့် ကလေးငယ်များ၏ဆင့်ကဲတိုးတက်မှုကို သဘာဝပတ်ဝန်းကျင်နှင့် ချိတ်ဆက်ပေးပြီး ကျွနု်ပ်တို့ကျောင်း၏ အခြေခံမူများအပေါ်အခြေခံလျှက် ထူးချွန်ထက်မြက်သော၊သဘာဝပတ်ဝန်းကျင်ကို အစဉ်စိမ်းလန်းစိုပြေနေရန် ကြိုးစားနေသော လူသားသက်သေများကို မွေးထုတ်ပေးရန် ကျွနု်ပ်တို့က အဓိဌာန်ထားပါသည်။